Thursday, October 8, 2015

သမီးလေး နှင့် အရိပ်

သမီးလေး ၁နှစ်နဲ့ ၁၁လကျော်မှာ သမီးလေးဟာ အရိပ်ကြောက်သူလေး ဖြစ်လာပါတော့တယ်။
အင်မတန်ဆော့တဲ့ သမီး ၄ ၊ ၅ နှစ် ကလေးတွေ မှတက်တဲ့ လျှောပေါ်ကို မှ အမြဲစီးနေကြ သမီးလေးဟာ... အမြင့်ကို မတက်ရဲတော့ သလို လှေခါးကိုလည်း မတက်ရဲ တော့ပါဘူး။ အိမ်အပြင် ထွက်ပီဆိုတာနဲ့ မအေကို ကုပ်ပီး ဖက်တွယ်ထားတဲ့ သမီးကို ကြည့်ရင်း အစက သမီးဘာကိုကြောက်မှန်း မသိ ဖြစ်ခဲ့ရပါတယ်။ နောက်မှ သေသေချာချာ သိပါတယ်။ သမီးလေးက အရိပ်ကြောက်တာကိုး။ သမီးကို ခြောက်လှန့်တာလဲ မရှိတော့ သမီး ဘာကြောင့် အဲလို ဖြစ်သွားတာလဲ ဆိုတာ တော်တော်  အုံးစားပါတယ်။ ရှော့ပင်းစင်တာတွေ သွားလဲ ပြေးလွှားသွားတတ်တဲ့ သမီးဟာ သူ့အရိပ်ကိုကြည့်ပီး လမ်းကောင်းကောင်းမလျှောက်တော့ပါဘူး။

ဘယ်လိုမျိုး ဖြေပေးရမှာလဲ ဆိုတာ ကို ဖတ်မိသလောက် ဥာဏ်ရှိသလောက် အတော် ကြိုးစားခဲ့ရပါတယ်။

သမီးလေးကို သမီးအရိပ် မေမေ့အရိပ် ဖေဖေ့အရိပ် အရုပ်လေးတွေ အရိပ်ဆိုပီး ဆော့ တမ်းကစားလဲ... ကစားတုန်းပါပဲ။ အိမ်ထဲမှာဆို သူ မကြောက်ပါဘူး။ လိုက်ကာအရိပ်လေးဆိုပီး ကိုယ်က လှုပ်ပြ သူကဆော့။ အပြင်ထွက်ရင်လဲ သမီးအရိပ် မေမေ့အရိပ်ပြလဲ ပြပြပါပဲ။ သမီး အရိပ်ကို မကြောက်ဘူးကွာ ပြောလဲ ပါးစပ်ကနေ အရိပ် မကြောက်ဘူးလို့ လိုက်ပြောပေမဲ့ ကြောက်တာပါပဲ။ ဒါနဲ့ ကိုယ်က သမီးလေး I am brave လို့ အမူအယာနဲ့ သင်ပေးတော့ သမီးလေးက လက်ဝှေ့ထိုးသူလို လက်ပိုက်ပီး လက်ခမောင်းခတ်ရမဲ့ အစား ပုခုံးပေါ်ကို လက်လေးတွေတင်ပီး I am brave တဲ့။ ကိုယ်တို့ ၂ယောက်သား ရီလိုက်ရတာ။ သမီးဟာ သူများက မကြောက်ပဲ ဖက်နမ်းခံရမဲ့ ဒီဇိုင်း။ ဒီလိုနဲ့ သမီးလေးနဲ့ အပြင်တွေထွက် ကစားကွင်းတွေသွား ရှော့ပင်းမောလ်တွေ သွား သမီးလေးကို ကစားရင်းနဲ့ ကြောက်စိတ်လေး ဖြေပေး။ တခါတခါ ဖေဖေ့ဆီကနေ မေမေက ခပ်လှမ်းလှမ်းကစောင့် လက်၂ဖက်ကားပီး သမီးကိုခေါ်။ ဖေဖေတလှည့် မေမေတလှည့်လုပ်ပေးပေါ့။  သူငယ်ချင်းတွေ ရောက်လာတော့လည်း အဲဒီလိုလေးတွေ လုပ်ပေး ဆော့ပေးနဲ့ ပေါ့။ သူ့ကစားကွင်းတို့ ကစားစရာတွေနဲ့ တွေ့ရင်တော့ သမီးရဲ့ အရိပ်ကြောက် ရောဂါက အဆော့မက်ပီး ပျောက်ပါတယ်။ ဒီလိုနဲ့ ကိုယ်လည်း အပင်ပန်းခံပီး ရက်ဆက် ရှော့ပင်းမောလ်သွား ပေးလိုက်တာ... အခုတော့ သမီးရဲ့  အရိပ်ကြောက်ရောဂါ က ပျောက်သလောက် ဖြစ်သွားပါပီ။ အဲ့လို ဖြစ်တဲ့ အခါ ကြတော့လဲ မေမေ့မှာ စိတ်ပူရပြန်ပါတယ်။ လမ်းကောင်းကောင်းမလျှောက်ပဲ ပြေးနေတော့တာကိုး။ ချော်လဲမှာ စိတ်ပူရတာ တမျိုး ပျောက်သွားမှာ ကြောက်ရတာ တမျိုးပေါ့။

သမီးလေး အရိပ်ကြောက် ရောဂါပျောက်ဖို့ အချိန် ၂လ နီးပါး ကြာသွားခဲ့ပါတယ်။

သမီးက စကားတွေလဲ တအားတတ်တတ်လာပါတယ်။ တခါတလေ ဘာတွေ ပြောမှန်းလဲ မသိပါဘူး။  မနေ့ကတော့ ရီစရာကောင်းတာက သမီးအလုပ်လုပ်နေတယ်တဲ့။ ဘာလုပ်နေတာလဲဆိုတော့ ဟင်းချက်နေတာတဲ့။ ဘာဟင်းချက်လဲဆိုတော့ မန်မန်တဲ့။

Thursday, October 1, 2015

သမီးလေး အတွက် ကိုယ့်ကဗျာ

အင်္ဂလိပ်လို ၁ ကနေ ၁၀ အထိ သမီးလေး ၂နှစ်ပြည့်စမှာ ရေတွက်နိုင်တဲ့ အတွက် သိပ်ကို အံ့လဲသြမိ ဂုဏ်လဲယူမိရပေမဲ့ မြန်မာလို ရေတွက်တာ မသင်ရသေးလို့ ကဗျာတွေ အင်တာနက်က ရှာတဲ့ အခါ အဆင်မပြေတာနဲ့ပဲ ကိုယ့်ဘာသာ တီထွင်ထားတဲ့ ကဗျာပါ။ ကဗျာလေးက သမီးအတွက်တော့ အဆင်ပြေပါတယ်။ သမီးလေး နားလည်တဲ့ အရာပေါါ် အခြေခံထားလို့ပါ။ ကလေးတစ်ယောက် နားလည်ဖို့ရယ် စိတ်ဝင်စားစေဖို့အတွက် ကိုယ်တိုင် ဟန်ပန် အမူအယာနဲ့ သင်ပေးရပါတယ်။ ( ကလေး အမေ ဖြစ်တဲ့ အတွက် သမီး လေး စိတ်ဝင်စားဖို့ပဲ အဓိက ထားပါတယ်။ သူများတွေ မြင်ရင်တော့ မရှက်ဘူးလို့ ထင်မှာပေါ့။)
တစ် နှစ် မျက်နှာသစ်
သုံး လေး လက်ကိုဆေး
ငါး ခြောက်တံခါးခေါက် (ဒေါက်.. ဒေါက်..ဒေါက်)
ခုနှစ် ရှစ် အကျီင်္ဝတ်
ကိုး တစ်ဆယ် အပြင်ထွက်မယ်။ (သမီးက let’s go, c u , bye bye ပါထည့်ဆိုပါတယ်။)


ဒီအပုဒ်ကတော့ သူသိပ်ကြိုက်ပါတယ်။ သူ့ရဲ့ အဖြစ်ကို အခြေခံထားတာကိုး။
တစ် နှစ် သုံး လေး ငါး။ ထမင်းတွေ အများကြီးစား။ သေသေချာချာ ၀ါး။ လျှာကို ကိုက်မယ် သတိထား။
ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်။ လျှာကို ကိုက်မိတယ်။ လျှာကို ကိုက်တော့ နာနာဖြစ် ။ အား အား.. အီး အီး အစ်။

သမီးလေး နှစ်သက်ပီး သူ နားလည်တဲ့ ကဗျာလေး ဖြစ်တဲ့ အတွက် ခဏအတွင်း ရသွားပါတယ်။  နောက်မှ သူငယ်ချင်းတွေက ငါးလေးတစ်ကောင်ဖမ်းမိတယ် ကဗျာလေးပြောပြလို့ သမီးကို သင်ရပါသေးတယ်။

အပြင်သွားလို့ လှေခါး အတက်အဆင်းတွေ ဆိုရင် သမီးလေးက လှေခါးထစ် ရေတွက် ပီးတက်ဆင်း လုပ်ပါတယ်။

အရောင်တွေ သင်ပီး နောက်မှာလဲ လမ်းကူးရင် သမီးကို မီးပွိုင့်မှာ မီးအရောင် ကို ကြည့်ခိုင်းပါတယ်။